ဂွမြို့နယ်တွင် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဂွ ဧပြီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပါဠိပထမပြန်စာ​မေးပွဲ၌ အောင်မြင်​တော်မူခဲ့ကြသည် စာ​အောင်သံဃာ​တော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့နံနက် ၇ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့​ကြသည်။

ရှေးဦးစွာ အခမ်းအနားအား န​မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်​​တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သာသနာ​ရေးဆိုင်ရာကိစ္စများ​လျှောက်ထားပြီး ပါဠိပထမပြန်စာ​မေးပွဲ၌ စာ​အောင်သံဃာ​တော်များအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ​စာအောင်ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း​ခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ယ​နေ့ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် အစိုးရပါဠိပထမပြန်စာ​မေးပွဲ၌ အခြေပြုမူလတန်း(၅)ပါး၊ ပထမလတ်တန်း(၁)ပါး၊  စုစု​ပေါင်း စာအောင်သံဃာ​တော် (၆)ပါးနှင့် မြို့နယ်အဆင့်စာအောင် သံဃာတော်(၁၁)ပါး ရှိ​ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်