ငပလီမြို့၌ ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ (၁) ဖွင့်ပွဲ ကျင်းပ

သံတွဲ မတ် ၂၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၌ ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင် စာပေဆိုင်ခွဲ(၁) ဖွင့်ပွဲကို ငပလီ- မဇင်လမ်းမကြီး ဇီးဖြူကုန်းတံတားထိပ်ရှိ အဆိုပါအဆောက်အဦ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမြွှာညီနောင်စာပေဆိုင်တာဝန်ခံ ဦးကျော်မင်းထွန်းက ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ(၁)  ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားကာ စာအုပ်ဆိုင်အတွင်း လှည့်လည်ပြသပြီး  ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေဝါသနာရှင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား စာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ရေးသားခဲ့စာအုပ်များကို လက်ဆောင်အဖြစ်ပြန်လည် ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အမြွှာညီနောင်စာပေဆိုင်ခွဲ (၁) ကို ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့ဇာတိဖြစ်သူ စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ်၏ မျိုးဆက်များက ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ အမွှာညီနောင် စာပေတိုက်ကို ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်ပြီး စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ်ကိုအမှူးပြု၍ တည်ထောင်ခဲ့ရာ အုပ်ရေ ၁၀၄ အုပ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်ပါကြောင်း ယခုလို ငပလီမှာ စာအုပ်ဆိုင်ဖွင့်ရန် ယခင်ကပင် ရည်ရွယ်ချက် ရှိခဲ့ပြီး ဒေသခံပြည်သူ စာပေဝါသနာရှင်များ အနေဖြင့်ယခင်က စာအုပ်တစ်အုပ်ဖတ်ရဖို့အတွက် အခက်အခဲရှိသလို ယခုအချိန်ထိ ခက်ခဲလျက်ရှိသည်ကို တွေ့ရှိနေရပါကြောင်း၊ သို့သော်အခုခေတ်ကာလမှာတော့ မခက်နိုင်တော့ဟု ထင်မြင်မိပါကြောင်း၊ ပြည်သူတွေကို စာဖတ်ပါ စာဖတ်ပါပြောနေမည့်အစား စာအုပ်တွေကို စာဖတ်သူအနားကို ဘယ်လိုရောက်အောင် ပို့ရမည် ဟူသော စိတ်ကူးကို အကောင်အထည်ဖော်သည့် အနေဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အမွှာညီနောင် စာပေဆိုင်တာဝန်ခံ (ငပလီမြို့-ဂျိတ္တောဇာတိဖြစ်သူ) ဦးကျော်မင်းထွန်းက ပြောကြားသည်။

စာပေဝါသနာရှင်များအနေဖြင့် လိုအပ်လျက်ရှိသောစာအုပ်များကို ငပလီမြို့ရှိ အမြွှာညီနောင် စာပေဆိုင်ခွဲ(၁)တွင် လာရောက်စာရင်းပေးဝယ်ယူပါက မူရင်းဈေးနှုန်းများ အတိုင်းမှာယူ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ဇွဲညီနောင် တည်းခိုရိပ်သာတွင်လည်း နှစ်ယောက်ခန်းများကို ဈေးနှုန်းသက်သာစွာဖြင့် လာရောက်တည်းခို အနားယူနိုင်ကြောင်းကိုလဲ မန်နေဂျာ ဦးကျော်ရင်က ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)