ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ

စစ်တွေ မတ် ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေအမ်းမြေရိပ်သာ၌ အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နေပါကြောင်း၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ခရိုင်နှင့်မြို့နယ်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုးတက်ရာတိုးတက်ကြောင်းများအပြင် တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စီမံအုပ်ချုပ်နေရသည့် အဓိကပုဂ္ဂိုလ်များဖြစ်ကြောင်း၊ အမ်းမြို့သည် အမ်းခရိုင်တိုးမြှင့်လာသည်နှင့်အမျှ အုပ်ချုပ်မှု လုပ်ငန်းများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကိုလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုလျင် အောင်မြင်မှုများ၊ တိုးတက်မှုများရရှိလာမည်ဖြစ်ကြောင်း၊ ခရိုင်မြို့ ဖြစ်သည် နှင့်အညီ မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့မိ၊မြို့ဖများ၏ အကြံကောင်းဉာဏ်ကောင်းများကို ရယူကာ ဒေသခံပြည်သူများနှင့်ထိတွေ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်ကြေင်း၊ အမ်းမြို့နယ်သည် ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလွန် အားကောင်းသော မြို့နယ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေကောင်းများရှိနေချိန်တွင် ရှိပြီးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတွန်းအားပေး လုပ်ဆောင်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ပြီးကျေးရွာများသို့ ကွင်းဆင်းကာ နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေးနင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးကြစေလိုကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေကြသည့် မြို့နယ်မှ မြို့မိ၊ မြို့ဖကိုယ်စားလှယ်များကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံကောင်း၊ ဉာဏ်ကောင်းများပေး ကြစေလိုကြောင်းနှင့် အမ်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးညှိနှိုင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)