မောင်တော မတ် ၂၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများ၊ ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲကျင်းပမည့် အစီအစဉ်များနှင့် မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွင်အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် အစီအမံများအားကြိုတင် ရှင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် မောင်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က မိမိတို့မြို့နယ်အလိုက် မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ မဟာသင်္ကြန်တွင် ဖျော်ဖြေရေးနှင့်ယိမ်းအဖွဲ့များ စီစဉ်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာ၀န်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်