ပေါက်တော မတ် ၂၈
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အ.ထ.က(မြင့်ဂါ) ကျောင်းသားကျောင်းသူဟောင်းများ၏ တတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းစုပေါင်းခန်းမ၌ ကျင်းပပူဇော် ကန်တော့ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို မြတ်ဆရာပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ ပူဇော်ကန်တော့ခံဆရာကြီး ဆရာမကြီးများကို ကျောင်းသား ကျောင်းသူဟောင်းများက လှူဖွယ်ဝတ္တုများဖြင့် ပူဇော်ကန်တော့ကြပြီး ပူဇော်ကန်တော့ခံ ဆရာဦးကျော်ရွှေမောင် (စာရေးဆရာ လေးဝတီခိုင်ကျော်က အထက(မြင့်ဂါ) ကျောင်းဂုဏ်ပြုကဗျာဖြင့် ရွတ်ဖတ် ဂုဏ်ပြု၍ ကန်တော့ခံဆရာကြီး ဆရာမကြီများ၏ကိုယ်စား ဆရာမကြီး ဒေါ်မသိန်းနုက ရင်တွင်းစကားများ ပြောကြားသည်။
ထို့နောက် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာ ဦးသာထွန်းစိန်က ကျင်းပရခြင်းနှင့် ရှင်းလင်းပြောကြားပြီး ကျောင်းသားသူဟောင်းများ၏ကိုယ်စား ကျောင်းသားဟောင်း ဦးစောဝင်းမောင်က အမှတ်တရဂါဝရပြု ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အ.ထ.က(မြင့်ဂါ)၏ ကျောင်းသား ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူဟောင်းများမှ နံနက်စာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အခမ်းအနားသို့ ဖိတ်ကြားထားသည့် ကန်တော့ခံ ဆရာကြီးဆရာမကြီးများ ကျောင်းသားကျောင်းသူများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)