စစ်တွေ မတ် ၂၈
(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိ ကြီးများနှင့်မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အရာရှိ၊စစ်သည် မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ရေးပြတပ်ခွဲများက တိုင်းမှူးအား အလေးပြုကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြကာ သစ္စာအဓိဌာန် လေးချက်ရွက်ဆိုကြသည်။ ထို့နောက် တိုင်းမှူးက တပ်မတော်နေ့မိန့်ခွန်းပြောကြားပြီး ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဂုဏ်ပြု စစ်တီးဝိုင်းတပ်စုမှ သရုပ်ပြတီးမှုတ်ခြင်း၊ ရဲမေများ၏ တပ်စိတ်တိုက်စစ်သရုပ်ပြသခြင်း၊ စစ်သည်များ၏ ချေမှုန်းရေးသရုပ်ပြသခြင်း၊ လေဖိအားသုံးစိန်ပြောင်းသရုပ်ပြသခြင်း၊ လက်နက်ငယ် ဖြုတ်/တပ် သရုပ်ပြသခြင်းနှင့် MA-7သရုပ်ပြသခြင်းတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သရုပ်ပြအဖွဲ့ (၆)ဖွဲ့မှ စစ်သည်၊ ရဲမေများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်သည်တော်ကျင့်ဝတ်ဆု ရရှိသူများ၊ စစ်တီးဝိုင်းတပ်စုနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက ကျောင်းဆောင် ဆောက်လုပ်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်အများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိ နှိုင်းပေးပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ အမှတ်(၅) ဈေးတောင်ရပ်ကွက်၌ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းဖြစ်သော ကွန်ကရစ်အလှဆင်ပစ္စည်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးကြရာ ကွန်ကရစ်အလှဆင်ပစ္စည်းလုပ်ငန်း တာဝန်ခံက နေအိမ်၊ ခြံဝန်း၊ ကြမ်းခင်းများတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်နေမှုအခြေအနေများ၊ ဈေးကွက်အတွင်း ရောင်းချနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချနေမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံလူငယ် လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ ဗျူးပွိုင့်အနီး MSME လုပ်ငန်းဖြစ်သော Best Fly ရေသန့်စက်ရုံသို့သွားရောက်ကြည့်ရှုအားပေးကြရာ စက်ရုံလုပ်ငန်းရှင်က ရေသန့်ထုတ်လုပ် နိုင်မှုအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေ၊ ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ လစဉ်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေတို့ကို ရှင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမ်းရွှေမြေရိပ်သာ၌ အမ်းမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပြီး ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)