ပုဏ္ဏားကျွန်း မတ် ၂၇
နဝမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ယမန်နေ့ ည(၇)နာရီက ၎င်း၏ ဇာတိမွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါစာပေဆုများချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို ဦးမောင်ဗသိန်းအား လည်းကောင်း၊ ဂီတစာဆိုဆုကို ကိုလွမ်းဝေ(သံတွဲ)အား လည်းကောင်း၊ ဝတ္ထုဆုကို မြင့်သုမိုး အားလည်းကောင်း၊ ကဗျာဆုကို မိုးပြို(မင်းပြား)အားလည်းကောင်း၊ ကလေးကဗျာဆုကို ဖြူဖွေး(နောင်မင်းမြီ)အား လည်းကောင်း၊ ဆောင်းပါးဆုကို ဇော်လွင်ဦး(ဟင်္သတ)တို့အား အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထိုသို့ဆုများချီးမြှင့်ပေးရာတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာနှင့်ကလေးကဗျာစသည်တို့ကို ပြိုင်ပွဲအနေဖြင့် ရွေးချယ်ပေးခဲ့ပြီး တစ်သက်တာစာပေဆုနှင့်ဂီတစာဆိုဆု ရွေးချယ်ရာတွင် ရခိုင့်စာပေနှင့်ရခိုင်လူမျိုး၊ ရခိုင့်ဂုဏ်သိက္ခာတို့ကို မြှင့်တင်ပေးနိုင်ခဲ့သည့် သက်ရှိထင်ရှားတဲ့ ပုဂ္ဂိုလ်များကို ရွေးချယ်ပေးခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္က စစ်တွေညိုသန့်က ရှင်းလင်းပြောကြားခဲ့သည်။
ဆုများချီးမြှင့်ရာတွင် တစ်သက်တာစာပေဆုကို ကျပ် ၈ သိန်း၊ ဂီတစာဆိုဆုကို ကျပ် ၆ သိန်း၊ ဝတ္ထုဆု၊ ဆောင်းပါး၊ ကဗျာ၊ ကလေးကဗျာဆုတို့ကို ကျပ် ၅ သိန်းစီ တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ရေးအဖွဲ့မှ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးခဲ့သည်။
အဆိုပါစာပေဆုချီးမြှင့်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိရာ တန်းခိုး ဆရာထွန်းသည် ဗြိတိသျှ ကိုလိုနီခေတ်က ရခိုင်တွင်ထင်ရှားကျော်ကြားခဲ့သည့် ရခိုင့်ဂန္တဝင် ကဗျာနှင့်တေးရေးဆရာ တစ်ဦးဖြစ်ပြီး အသက် ၇၀ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ဟု လေ့လာသိရှိရသည်။
နီထွန်းအောင်(ပြန်/ဆက်)