စစ်တွေ မတ် ၂၇
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ မင်းဘာကြီးလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စည်ပင်သာယာရေးအဖွဲ့များသည် မြို့ပြ၊ လမ်း တံတားတည်ဆောက်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ မြို့ရေပေးရေးစသည့် အရေးကြီးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ မြို့ပြ နေထိုင်မှုစနစ်တကျရှိစေရန်နှင့် စည်းကမ်းနှင့်အညီဖြစ်စေရန် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေများ ခွင့်ပြုသည့်အပေါ်မှာ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးစားပေးကဏ္ဍများအလိုက် ဘတ်ဂျက်လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများမှာ မြို့ပြရောကျေးလက်ဒေသများမှာပါ အရှိန်အဟုန်နှင့် အကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စစ်တွေမြို့အနေဖြင့် ယခင်နှစ်များထက် မြို့ပြလမ်း၊ တံတားများ ပိုမိုကောင်းမွန် လာသည်ကိုတွေ့ရမှာဖြစ်ပြီး တစ်ခြားကဏ္ဍများမှာလည်း ပိုမိုတိုးတက်မှု ရှိလာအောင် စည်ပင်ဝန်ထမ်းများရော၊ မြို့သူ၊ မြို့သားများပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်တွေမြို့သည် ပြည်နယ်မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရေး၊ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေအပေါ် အခြားခရိုင်မြို့၊ မြို့များထက် ရန်ပုံငွေပိုမိုပြီး သုံးစွဲခွင့်ပြုထားပါကြောင်း၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နေဖြင့် ပြည်သူလူထုများ၏ လိုအပ်ချက်များ အပေါ်မူတည်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဒေသခံပြည်သူလူထုများ အနေဖြင့်လည်းဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မင်းဘာကြီးလမ်းရေရှည်တည်တံ့စေရေးအတွက်၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား များကလည်း ဝိုင်းဝန်းထိမ်းသိမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက မင်းဘာကြီး လမ်းနိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ထို့နောက် မင်းဘာကြီးလမ်း၊ နိုင်လွန်ကတ္တရာလမ်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်လွန်ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ အမ်းခရိုင်၊ အမ်းမြို့၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေယာဉ်ကွင်းရပ်ကွက်နှင့် အောက်ရွာရပ်ကွက်သို့ ဆက်သွယ်သော တောရကျောင်းလမ်း(၁၈) အကျယ်ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ကြသည်။
ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရာသီမရွေးသွားလာနိုင်သော လက်လမ်းများ ဖြစ်ပေါ်လာ ခြင်းဖြင့် ဒေသခံနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့် အလမ်းများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလမ်းသစ်အား ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူ၊ မြို့သားများ၊ ကျေးလက်ဒေသနေပြည်သူများက လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိမ်းသိမ်းပေးကြစေလိုကြောင်းပြောကြားသည်။ ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးထွန်းဝေက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးထွန်းဝေက လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌ တောင်သူ ဦးဇော်မျိုးထက်၏ လယ် ၁၀ ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံပြစိုက်ခင်း စိုက်ပျိုးအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အမ်းမြို့နယ်အတွင်း မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ပဲအမျိုးမျိုး စိုက်ပျိုးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ကွက်ငယ်တောင်သူများအတွက် အကျိုးရှိနိုင်မည့် စံပြလယ်ယာစနစ်များ ဖော်ဆောင်ပေးနိုင်ရေး၊ အထွက်နှုန်း ကောင်းမွန်သော မျိုးစပါးများ၊ နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ နွေစပါးပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ အမ်းတောင်ဂေါက်ကလပ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသော ဂေါက်သီးရိုက် ပြိုင်ပွဲသို့တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က Smoke Ball ရိုက်ကာ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲအားကစားသမားများက သတ်မှတ်တီခုံများမှ စတင်ကာ ပါဝင်ယှဉ်လျက်ရှိကြပြီး ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမား ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)