မြောက်ဦးမြို့၌ ပထမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မြောက်ဦး မတ်  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ) က ကြီးမှူး ကျင်းပသော  ၂၀၂၂ ခုနှစ် ၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေများအား ပထမအကြိမ်မြောက် စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်သည့် အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာသူများက နိုင်ငံတော်ဩဝါဒါစရိယ ၊ မြောက်ဦးမြို့ အောင်မင်္ဂလာ ကျောင်းတိုက်၏ အာဒိကမ္မိက ပဓာန နာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏိတ၊ အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသာမိ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒကထာချီးမြှင့်သည်။မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ (သုဓမ္မာ) ၊ မြောက်ဦးမြို့ရွှေထီးဆောင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တခေမာစရ မဟာထေရ်က စာအောင်ဆုနှင်းသဘင်ကျင်းပရခြင်းအကြောင်းကို ပြောကြားချီးမြှင့်တော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြော ကြားခဲ့သည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်း၊ ဌာနဆိုင်ရာများ၊ မြောက်ဦးမြို့နယ်အတွင်းရှိ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များက နဝကမ္မအလှူငွေများ ဆပ်ကပ်ပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

မြောက်ဦးမြို့နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ) က ကြီးမှူး ကျင်းပသော  ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် အခြေပြုမူလတန်းအောင် ရဟန်း၊ သာမ ဏေ ၂၆ ပါးကို တာဝန်ရှိသူတို့က အသီးသီးဆက်ကပ်လှူဒါန်း ခဲ့သည်။ မြောက်ဦးမြို့ရန် အောင် ဇေယျ(ခေါ်) သျှစ်သောင်းပုထိုးတော်ကြီး ဂေါပကဥက္ကဋ္ဌ ဦးရွှေမောင် က စာအောင် ဆုနှင်းသဘင် ကျင်းပရခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်စကားလျှောက်ထားခြင်း၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြောက်ဦးမြို့နယ် တိမ်ညိုရွာမပရိဟိတ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇာနေယျ မဟာထေရ်မြတ် ကရေစက်သွန်းလောင်းအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)