တောင်ကုတ်မြို့၌ တိပိဋကဓရ ဆရာတော်(၈)ပါးအားဂုဏ်ပြုပူဇော်နိုင်ရန်အတွက် နဝကမ္မဝတ္တုငွေလှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

တောင်ကုတ် မတ် ၂၇

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် တိပိဋကဓရ ဆရာတော်(၈)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို ဖေဖေါ်ဝါရီ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဂုဏ်ပြုပူဇော်ပွဲပြုလုပ်နိုင်ရန်အတွက် နဝကမ္မဝတ္တု ငွေများလှူဒါန်းခဲ့ကြသူများသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့မိမြို့ဖဦးကျောက်တောင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပုကအလှူငွေများ လက်ခံရရှိမှုနှင့်သုံးစွဲမှုအခြေအနေများကို ရှင်းလင်းပြီးနောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

တောင်ကုတ်မြို့တွင် တိပိဋကဓရဆရာတော်(၈)ပါးအားပင့်ဖိတ်၍ ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်ခြင်းသည် ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် (၈)နှစ်ခန့်ကလည်း ယခုကဲ့သို့ ပင့်ဖိတ်၍ ပူဇော်ပွဲအခမ်းအနားကို မြို့မအားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)