မောင်တော မတ် ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်က နွေရာသီအားကစားသင်တန်းများကို ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုနွေရာသီအားကစားသင်တန်းဆင်းပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အားကစား လေ့လာလိုက်စားခြင်းအားဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သော သားကောင်းရတနာများဖြစ်စေရန်နှင့် သင်တန်းသားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများရရှိစေလိုကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်ရွှေလှိုင်ငြိမ်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ကေသွယ်ခိုင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား နွေရာသီအခြေခံအားကစားသင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ပြီး နည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသားများက ကရာတေး သရုပ်ပြသခြင်း၊ Fitness Dances အကများဖြင့် သရုပ်ပြသခဲ့ကြကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် အချိုရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းအား မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)