စစ်တွေ မတ် ၂၆
ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ သမိုင်းကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုရိုးရာ၊ ဓလေ့ထုံးတမ်းနှင့် အခြေခံအချက်အလက်များဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ အထိမ်းအမှတ်ပွဲများ၊ နေ့ထူးနေ့မြတ်များစသည်တို့အတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ကူညီမှုများပေးနေသကဲ့သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှတစ်ဆင့် တစ်နှစ်ထက်တစ်နှင့်ပိုမိုပေးအပ်ထောက်ပံ့လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအပြင် ချင်းမျိုးနွယ်စုများကြသော စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)၊ လောက်တူ(ချင်း)၊ အရှို(ချင်း)နှင့် ဥ(ပ်)ပူး(ချင်း)အားလုံးတို့သည် အေးအတူ ပူအမျှစုပေါင်းနေထိုင်လျက်ရှိကြကြောင်း၊ လူမျိုးစုများ၏ စကား၊ စာပေ၊ ရိုးရာ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အားလုံးတွင်တာဝန်ရှိသကဲ့သို့ လူမျိုးစုများရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာပြည်နယ်တွင်းအေးချမ်းသာယာပြီးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းပါဝင်ဆောင်ရွက်မှသာ ရနိုင်မည်ဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း၊ အလားတူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ တင်ပြတောင်းခံလာသည့် ဒေသဖွံ့ဖြိုးရေးအချက်အလက်များမှ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာအချက် အလက်များကိုလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိစစ်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုသို့တင်ပြပြီး အဆုံးအဖြတ်ရယူ ဆောင်ရွက်သွားရမည်ဆိုလျှင်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှရရှိလာသော အကျိုးရလာဒ်များသည် တိုင်းရင်းသားမျိုးနွယ်စုများအတွက် တိုင်းရင်းသားများအတွက်များစွာ အကျိုးရှိမည်ဖြစ်သည့်အတွက် ရရှိသည့် အချိန်တိုအတွင်း တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှု၊ ရိုးရာဓလေ့များဖလှယ်ရင်း ဒေသကောင်းကျိုးအတွက် ပူးပေါင်းကာ မိမိဒေသတွင်မျှဝေ၊ ဆွေးနွေးကြပြီး မိမိပြည်နယ်၏ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြနိုင်မည်ဟု ယုံကြည်မျှော်လင်းမိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှက စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တိုင်းရင်းသားမျိုးနွယ်စုအလိုက် သမိုင်းကြောင်းနှင့် အခြေခံအချက်အလက်များဆိုင်ရာ စာတမ်းများကို ဖတ်ကြားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာတမ်းဖတ်ပွဲအခမ်းအနားအတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀ အား တိုင်းရင်းသားရေးရာဝန်ကြီးထံ ပေးအပ် ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်ရေးနှင့် ကန်တော်ကြီးသန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)