ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ်းသာယာ- မဒေါ့ကြောကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဂွ မတ် ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည်(၀.၇၁)ကီလိုမီတာရှိ ကမ်းသာယာကျေးရွာနှင့် မဒေါ့ကြောကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြင့်ချိုက လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြင့်ချို၊ ကမ်းသာယာစခန်းမှူးနှင့် ကျေးရွာကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ (၁၆၄.၁၃၂) ကျပ်သန်းဖြင့် ဆောင်ရွက်သော ကမ်းသာယာ-မဒေါ့ကြော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖြစ်ပြီး အရှည်(၀.၇၁) ကီလိုမီတာရှည်ကာ မဒေါ့ကြော၊ ကမ်းသာယာ၊ ရေသိုး၊ ရွှေဦးကွင်း၊ ဂျိုလိမ်စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ စီပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကူးသန်းသွားလာရေးများအတွက် အကျိုးပြုသည့် လမ်းတစ်လမ်းဖြစ်​ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်