ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးချဲ့ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေထုတ်ချေးပေးမည်

မင်းပြား မတ် ၂၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးရန်ပုံငွေဖြင့် မင်းပြားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မင်းပြားမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးမျိုးစိုးမိုးက နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် စီမံကိန်းအကောင်အထည်ဖော်ရေး လက်စွဲ(SOP)နှင့် အညီ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်နိုင်ဝင်းက သဂ်ဇာ၊ ကြမ်းတိုက်၊ င/ပုကွ၊ ရွှေကျန်၊ ကျေးရွာများ၏ ကျေးလက်နေတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် သွင်းအားစု၊ မျိုးစေ့၊ မြေသြဇာများ ဝယ်ယူသုံးစွဲပြီး  တစ်ဧကအထွက်နှုန်း မြင့်မားစေ ရန် အကျိုးရှိစွာသုံးစွဲရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ ချေးငွေသိန်း (၁၄၀၀) ကျပ်အား၊ အလေအလွင့်မရှိစေရန် တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ငွေစိုးက ငါးသယံဇာတ တိုးပွားရေး ငါးလုပ်ငန်းတစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်းမှ စီးပွားဖြစ် ငါးမွေးမြူခြင်းထိ တိုးတက်လာစေရန်၊ ရေချိုငါးမွေးမြူ ထုတ်လုပ်ရောင်းချရန်၊ ငါးစားသောက်မှုဖူလုံစေရန်၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်၊ ကြောင်ရှည်ချောင်းကျေးရွာ၊  ဇီးပင်ကြီးကျေးရွာများအတွက် ငါးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုရန် ချေးငွေသိန်း (၁၂၀၀) ကျပ်အား  တာဝန်ယူ ထုတ်ချေးသွားမည်ဖြစ်ပြီး  ကျေးရွာများတွင် စီမံကိန်း ကြီးကြပ်မှုကော်မတီများဖွဲ့ စည်းဆောင်ရွက် ထားရှိမှုအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သိန်းနုအောင်