ကျောက်တော်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျောက်တော် မတ် ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးမြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆနဒီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက်မတည်ရန်ပုံ ငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးကဏ္ဍ မြစိမ်းရောင်ကျေးရွာ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က စိုက်ပျိုးရေးမြစိမ်းရောင်ချေး ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် စီမံကိန်းစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရှင်းလင်းပြေားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် ဆောင်ရွက်ကြမည့် ပေါက်တောပလောင်ကျေးရွာနှင့် သဝင်ကိုင်းကျေးရွာ (၂)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၆၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၂၀၀) အား မြို့နယ်စီမံကိန်းကော်မတီမှ စီမံကိန်းကျေးရွာ ကြီးကြပ်မှုကော်မတီထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကျေးရွာ ကြီးကြပ်မှုကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း