ဘူးသီးတောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင် မတ် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည် ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံငွေ(ငါးကဏ္ဍ) လွှဲပြောင်းပေးအပ်ရခြင်းသည် ကင်းတောင်ကျေးရွာ ရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရေးစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းစသည့်ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်မျှော်မှန်း၍ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို မတည်ထောက်ပံ့ ထုတ်ချေးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါငွေများ အားကျေးရွာ ကြီးကြပ်မှုကော်မတီဝင်များမှ စနစ်တကျပွင်းလင်းမြင်သာမှုစနစ်ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများအား စေတနာထားဆောင်ရွက် ပေးစေလိုကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ကဏ္ဍစည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီများ၏ လမ်းညွန်မှုကိုခံယူရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းကငါး ကဏ္ဍကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ(ငါးကဏ္ဍ) လွှဲပြောင်းငွေကျပ်သိန်း(၆၀၀) (သိန်းခြောက်ရာ)ကျပ်တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာကျေးရွာ ကြီးကြပ်မှုကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)