အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

အမ်း မတ် ၂၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် သမဝါယမနှင့် အသေးစားအလတ်စားလုပ်ငန်းကဏ္ဍများ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ သမဝါယမနှင့် အသေးစားအလတ်စားလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှအရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန် ပုံငွေဖြင့််သမဝါယမနှင့် အသေးစားအလတ် စားလုပ်ငန်းကဏ္ဍများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သမဝါယမနှင့်အသေးစားအလတ်စားလုပ်ငန်းကဏ္ဍ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးအောင်မြင့်က သမဝါယမနှင့် အသေးစားအလတ်စား လုပ်ငန်းကဏ္ဍ ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများ လွဲပြောင်းပေးအပ်ရာ အသေးစား အလတ်စားလုပ်ငန်း ဆောင်ရွက်ကြမည့် မြောက်ဘက်ကျေးရွာအုပ်စု ဒိုင်ကြီးကျေးရွာ အေးရတနာဖြိုးအသင်းအား ငွေကျပ်သိန်း(၁၅၀)ကျပ်နှင့် လုံးကောက်ကျေးရွာအုပ်စု ရေအေးကျေးရွာအသင်းအား  ငွေကျပ်သိန်း(၁၂၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၂၇၀)ကိုလည်းကောင်း၊ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာများမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(မြို့နယ်ပြန်ဆက်)