ကျောက်ဖြူ မတ် ၂၄
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကျောက်ဖြူခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စုပေါင်းသွေးလှူဒါန်းခဲ့သည်။
ဦးစွာ သွေးလှူဒါန်းကြမည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး အမျိုးအစားခွဲပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်(၁၁) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီးမျိုးဝဏ္ဏ၊ အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးမျိုးမြင့်နှင့် ဌာနချုပ်တပ်ခွဲမှူး ယာယီရဲမှူး ရဲအောင် တို့မှ သွေးလှူဒါန်းနေကြသည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ကြက်ဥ၊ အချိုရည်၊ ကွေကာအုပ်များနှင့် အာဟာရပြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါသွေးလှူဒါန်းရာတွင် တပ်ဖွဲ့ဝင်(၃၅)ဦးနှင့် မိသားစုဝင်(၁၅)ဦး စုစုပေါင်း(၅၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)