မာန်အောင် မတ် ၂၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်သမဝါ ယမကဏ္ဍများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်စိုက်ပျိုးရေးကဏ္ဍမြစိမ်းရောင်ကျေးရွာ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းစောက စီမံကိန်း စိုက်ပျိုးရေးကဏ္ဍ အကြောင်းအရာများကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍ မြစိမ်းရောင်ကျေးရွာမြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက စီမံကိန်းမွေးမြူရေးကဏ္ဍ အကြောင်းအရာများကိုလည်းကောင်း၊ သမဝါယမကဏ္ဍ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်လွင်လွင်ရီက သမဝါယမကဏ္ဍ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများလွဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြမည့် ပလင်ကျေးရွာနှင့်နတ်ပြင်ကျေးရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၆၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၂၀၀)ကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြမည့် ကမားဝကျေးရွာအား ငွေကျပ်သိန်း(၆၀၀)နှင့် သင်္ဂဇာကျေးရွာအား ငွေကျပ်သိန်း(၄၀၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၀၀၀)ကိုလည်းကောင်း၊ သမဝါယမကဏ္ဍတွင် ငအင်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းအား ငွေကျပ်သိန်း(၁၆၈)ကိုလည်းကောင်း၊ ငါးလုပ်ငန်း ဆောင်ရွက်မည့် အုန်းမော်ကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာအား ငွေကျပ်သိန်း(၆၀၀)တို့ကိုလည်းကောင်း၊ တာဝန်ရှိသူများက အသီးသီး လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ကြမည့်ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)