မြေပုံ မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး လေးတူ ချင်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကပြသည်။ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း သိကောင်း စရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ထို့နောက် မြေပုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ရှေးဦးအရွယ်ကလေးငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒတို့အား ရှင်းလင်းပြောကြားခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့် ရှောက်သည့် ဥပဒေအား Projector စက်ဖြင့် ရှင်းလင်းတင်ပြပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး စောဦးထွန်းက လူကုန်ကူးမှုနှင့်မူးယစ် ဆေးဝါး တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကိုရှင်းလင်းပြောကြားပြီး တိုင်းရင်းသား အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း၊ စစ်တမ်းကောက်ယူခြင်းတို့ကို Projector စက်ဖြင့်ရှင်းလင်းတင်ပြပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအမှုပြုသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ရွာအခြေပြုချင်း တိုင်းရင်းသား/သူ(ကိုယ်စားလှယ်)များနှင့် ရခိုင်တိုင်းရင်းသား/သူ(ကိုယ်စားလှယ်)များ တက်ရောက်ကြကြောင်း သိရသည်။
တင်ဝင်း