ရမ်းဗြဲ မတ် ၂၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်လျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမဦးစီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီခန်း၌ကျင်းပကြရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် လယ်/ထွေ သ/မအသင်း လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကျေးရွာများဖြစ်ကြသော ငပြီချောင်ကျေးရွာ၊ နားမူးတွေကျေးရွာ၊ စလင်ပေါ်ကျေးရွာများသို့ တစ်ရွာလျှင် ကျပ်သိန်း(၄၀၀)နှင့် တောင်ရင်းကျေးရွာအတွက် ငွေကျပ်သိန်း (၂၀၀) တို့ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် င/နွားတောင်ကျေးရွာသို့ ငွေကျပ်သိန်း(၆၀၀)နှင့် အောင်စည်ကုန်းကျေးရွာသို့ ငွေကျပ်သိန်း (၄၀၀)၊ ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျောက်နီမော်ကျေးရွာအတွက် ငွေကျပ်သိန်း(၆၀၀)၊ ရမ်းဗြဲမြို့၊ အမှတ်(၄) ရပ်ကွက်သို့ ငွေကျပ်သိန်း(၄၀၀)သမဝါယမဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ချောင်းဘွယ် ကျေးရွာ (အားမာန်သစ် မွေး/ထွေ သ/မ အသင်း)အတွက် ငွေကျပ်သိန်း(၂၀၀)နှင့်အတူ စစ်ပြားစံပြကျေးရွာ(မြမာလာ- လယ်/ထွေ သ/မအသင်း)၊ ဂြင်းတောကျေးရွာ(သရဖူ လယ်/ထွေ သ/မအသင်း)၊ ကန့်ချုပ်ပြင်ကျေးရွာ( ဓနထွန်း လယ်/ထွေ သ/မအသင်း)နှင့် ကျောက်ဆည်ကျေးရွာ (ကျောက်ဆည် လယ်/ထွေ သ/မအသင်း) တို့အတွက် သ/မအသင်း တစ်သင်းလျှင် ငွေကျပ်သိန်း(၁၅၀) ကို ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာစေရန် အလုပ်အကိုင်အခွင့်အလန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် အရင်းမပျောက် မတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများကိုယ်စား ဂြင်းတောကျေးရွာ ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)