မောင်တော မတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စေတီတော်မြတ်ကြီးတွင် ပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး သုံးမိုင်ပရဟိတနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဦးစီးပဓာန နာယက မြို့နယ် ဩဝါဒစာရိယမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူကြသော ပင့်သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် တရားတော်များနားယူပြီး မြို့ဦးရွှေစည်းခုံ ဆံတော်မြတ် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် စသည်တို့ကို နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ အမှတ်(၃)နယ်ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မြို့နယ် သံဃနာယကအဖွဲ့၊ (အဖွဲ့ဝင်) အောင်မြေ ဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်း ပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။ ဆက်လက်၍ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် အသစ်ပြန်လည် တင်လှူမည့် စိန်ဖူးတော်အား နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် ဇနီးမှ လည်းကောင်း၊ ရွှေငှက်မြတ် နားတော်အား ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဇနီး ဒေါ်ခင်စန္ဒာဝင်းမှ လည်းကောင်း၊ ရွှေပန်းခိုင်များအား အမှတ်(၃) နယ်ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေးနှင့် ဇနီးမှ လည်းကောင်း၊ ရွှေထီးတော် ဘုံအဆင့် အဆင့်အား သက်ဆိုင်ရာ အလှူရှင်များကလည်းကောင်း ကိုင်ဆောင်ကာ လက်ယာရစ် ၃ ပတ် လှည့်လည်ပူဇော်ခြင်း၊ အမွှေးနံ့သာများ ဖျန်းပက်ပူဇော်ခြင်း၊ ဆရာတော်အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပင့်ပိတ်ခြင်း၊ ဗုဒ္ဓပူဇနိယ တေး သီချင်းဖြင့် သီကြူးပူဇော်ခြင်း၊ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးအား ရွှေထီးတော် ဘုံအဆင့်များကို အစီ အစဉ်တကျ တင်လှူပူဇော်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ ကြွရောက်တော်မူကြသော သံဃာတော် အရှင် သူမြတ်တို့မှ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးအားအား ဗုဒ္ဓဘိသေသ အနေကဇာတင် ပူဇော်ပြီး ဆရာတော် အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)