ပေါက်တော မတ် ၂၂
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍နွေရာသီ လူငယ်များ ကရာတေးပညာအရည်အသွေး တိုးတက်လာပြီး တွေ့ကြုံလာရမည့် အန္တရာယ်များကို ကာကွယ်နိုင်စေရေးအတွက် ကရာတေးသင်တန်းကို ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ အားကစားခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး သင်တန်းကို စတင်သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာအဖြစ် HIKARI ကရာတေးအဖွဲ့ မှ ဆရာ ၃ ဦးက သင်ကြားပေးလျက်ရှိပြီး သင်တန်းသား သင်တန်းသူ ၅၀ ဦး တက်ရောက်ကာ သင်တန်းကို မတ် ၂၁ မှ ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ကြက်တောင်ရိုက်စသည့် အားကစားနည်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း ကပြောကြားသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)