စစ်တွေ မတ် ၂၂
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(၅)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့လမ်းဖြစ်ကြောင်း၊ စစ်တွေ-ပလ္လင်ပြင်လမ်းသည် ယခင်ကစည်ပင်သာယာ (ဒီစတြိတ်ကောင်စီ)လက်ထက်အဆက်ဆက်ကပင် စစ်တွေမှပလ္လင်ပြင်ကျေးရွာအထိ ဖောက်လုပ်ထားခဲ့သော မဟာဗျူဟာကျသည့် လမ်းတစ်လမ်းဖြစ်ကြောင်း၊ ထို့အပြင် စစ်တွေ တက္ကသိုလ်သို့သွားသည့် အဓိကကျသောလမ်းဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာ(IDP) စခန်းများသို့ သွားသည့်လမ်းတစ်လမ်းလည်းဖြစ်ကြောင်း၊ လမ်းအရှည်အားဖြင့် ၉ မိုင် ၆ ဖာလုံရှိပြီး ယခင်က လမ်းအကျယ် ၁၂ ပေသာရှိကာ ကတ္တရာလမ်း၊ ကျောက်လမ်းနှင့်မြေသားလမ်းများဖြစ်ခြင်းကြောင့် လမ်းများပျက်စီးနေပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားသစ်များတိုးချဲ့ ဆောင်ရွက်ခဲ့ရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်းကို (စစ်တွေမြို့မီးစက်ကြီးလမ်းဆုံမှ သဲချောင်း တံတားအထိ) ၂ မိုင် ၄ ဖာလုံအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်သည့်အပြင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှာလည်း ပြည်နယ်ရန်ပုံငွေဖြင့် (၁ မိုင် ၁ ဖာလုံ)အား (၁၈ ပေ) အကျယ် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေး သွားရန် လျာထားပြီးဖြစ်ကြောင်း၊ စစ်တွေ - ပလ္လင်ပြင်လမ်းတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းများကိုလည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းအဖြစ်နှစ်စဉ် ဆက်လက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(၅)၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က စစ်တွေ - ပလ္လင်ပြင်လမ်းဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်းလင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်အားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၁၅၀ ဒသမ ၇၀၄ သန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၃ ဒသမ ၅၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာပေါင်း (၉)ရွာမှ ပြည်သူ ၂၃၃၉၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)