တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တောင်ကုတ်   မတ် ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန် ကြိုးကြာကွင်းကျေးရွာအုပ်စု ၊ မှန်နီကျေးရွာရှိ သုခိတာရာမကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ရှေ့ဦးစွာ ခရိုင်မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့် မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပုနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မိုးမင်းတို့က မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည် ရန်ပုံငွေ ပေးအပ်ရသည့်ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း(၆၀၀)ကို မှန်နီကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီသို့ ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သိန်း(၆၀၀)ကို အဖွဲ့ဝင် တစ်ဦးလျှင် ကျပ်(၆)သိန်းနှုန်းဖြင့် အဖွဲ့ဝင်(၁၀၀)ဦးသို့ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ထုတ်ချေးငွေများအား မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ)တွင် အရင်းမပျောက် မတည်ငွေများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မိုးမင်းထံမှ သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)