မြောက်ဦး မတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေများ ရှားပါးမှုမဖြစ်ပေါ်စေရန်တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မီးဘေးအန္တရာယ်ကြုံတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က သောက်သုံးရေ ရှားပါးမှုမဖြစ်ပေါ်စေရေး ဒိုင်းကျီကန် ကျုံးများပေါက်နေမှုကို ပြန်လည်ပြုပြင်၍ ရေသိုလှောင်ထားရှိနိုင်ရန်၊ မြို့တော်သန့်ရှင်းသာယာ လှပရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအလိုက် မိမိတို့ဌာနတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူးက မြို့နယ်ဌာနဆိုင်ရာများ၏ တင်ပြဆွေးနွေးချက်အပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)