ရန်ကုန် မတ် ၁၂
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)က ကြီးမှုးကျင်းပသော (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းနားကို ယနေနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ ရွှေတိဂုံစေတီတော်အရှေ့မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ကျင်ပရာ ဘွဲ့တံဆိပ်တော်ရနိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော သံဃာတော်အရှင်သူမြတ်(၁၅)ပါးနှင့် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါအကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။
ရှေးဦးစွာသာသနာ့အလံကိုင်၊ မင်္ဂလာခရုသင်း၊ မင်္ဂလာငွေမောင်း၊ ရခိုင်မင်္ဂလာစည်တော်၊ မင်္ဂလာအောင်သပြေ ငွေဖလာကိုင်၊ အစရှိသည့်အဖွဲ့များက ဘွဲတံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်များကို ဓမ္မာရုံသို့ပင့်ဆောင်လာ ရာဧည့်ပရိတ်သတ်များနှင့် ဝတ်အဖွဲ့များက "ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့လင်းစေသော" အစရှိသည့်များကို သံပြိုင်ရွတ်ဆိုပူဇော်ကန်တော့ကြသည်။
ဆက်လက်၍ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ရခိုင်စည်တော်တီးကာ (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းနား ဖွင့်လှစ်၍ ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနားဖွင့်၊ စာတမ်းဖြင့်ပူဇော်ဖွင့်လှစ်ကြောင်း လျောက်ထားပြီး ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့ဦးဆောင်နာယက ဦးတင်ညွှန့်က သာသနာတော်ဆိုင်ရာများကို လျောက်ထားသည်။
ယင်းနောက်တက်ရောက်လာကြသည့် ဧည့်ပရိတ်သက်များက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊ မင်းကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၊ ကြွရောက်တော်မှုလာကြသော ပင့်သံဃာတော်များထံမှ မေတ္တာသုတ်တရာတော်များ နာယူကြသည်။
ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထံမှ၊ ဩဝါဒတရားတော်များနာယူကြပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ရခိုင်ပြည်နယ်ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ (ရန်ကုန်)မှ တာဝန်ရှိသူများက ဆပ်ကပ်ပူဇော်ကြသည်။
ယင်းနောက် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ(တိပိဠကဓရ၊ ဓမ္မဘဏ္ဍာဂါရိက) အရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာတရားနာယူးကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထိုနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး မင်္ဂလာစည်တော်ယွန်း၍ အခမ်းနားကိုရပ်နားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)