ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ဘူးသီးတောင်မြို့နယ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ     မတ် ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံပြီး မိမိတို့သဘောဆန္ဒအလျောက် မူရင်းနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ မြတောင်ဘုန်းတော်ကြီးကျောင်း၊ ယာယီခိုလှုံရာစခန်းတွင်နေထိုင်ကြသည့် ပြည်သူများအား သွားရောက်တွေ့ဆုံပြီး မူရင်းနေထိုင်ရာ ကျေးရွာများတွင် မိမိတို့ဆန္ဒအလျောက် ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သော ထောက်ပံ့ကူညီမှုများပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် ထောက်ပံ့ကူညီမှုများပေးနိုင်ရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းများဖော်ဆောင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးကြကာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးကြသည်။ အလားတူပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်း၊ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ပြည်သူများနှင့်တွေ့ဆုံပြီး မိမိတို့ဆန္ဒအလျောက် မူရင်းနေထိုင်ရာကျေးရွာများတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မစည်ပင်သာယာဈေးကြီးအတွင်း၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေပိုက်လိုင်များ၊ ရေသိုလှောင်ကန်များ၊ ရေစင်များတည် ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဈေးကြီးအတွင်း ရခိုင်ဒေသထွက် မျိုးကောင်း၊ မျိုးသန့်ဆန်များ ရောင်းချနေမှု၊ ဒေသထွက်ဟင်းသီး၊ ဟင်းရွက်များ၊ ဂျင်း၊ ငရုပ်၊ ကြက်သွန်များအား ရောင်းဝယ်ဖောက်ကားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ ဂန္ဓမာစံပြကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်အားသွားရောက်ဖူးမြော်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းက မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘူးသီးတောင်မြို့သည် မိမိတာဝန်ထမ်းဆောင်ခဲ့သောမြို့ဖြစ်ပြီး ယခင်ကထက်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိတ်ဆန္ဒအပြည့်ရှိပါကြောင်း၊ ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်ရန် စီမံကိန်းရေးဆွဲခြင်းက အဓိကကျပါကြောင်း၊ စီမံကိန်းတစ်ရပ်ကိုရေးဆွဲရာတွင်လည်း ပြည်သူလူထု၏ လိုလားချက်၊ ဒေသ၏အခြေခံအကျဆုံးအချက်ကို ဦးစားပေးလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူဒေသ၏ ကိန်းကဏန်းအချက်အလက်များသည်လည်း မှန်ကန်ရန်လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့ကို အလေးထားဆောင်ရွက်နေပါကြောင်း၊ အလားတူတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးရေးကို လုပ်ဆောင်သကဲ့သို့ တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်လျက်ရှိပါကြောင်း၊ ဘူးသီးတောင်မြို့နယ်သည် ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအားကောင်းသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့မိရိုးဖလာလုပ်ကိုင်နေသည့် စိုက်ပျိုးမွေးမြူ နည်းများထက် ပေါင်းစည်းလယ်ယာစနစ်၊ သမဝါယမပေါင်းစည်းလယ်ယာစနစ်၊ ထိုနည်းတူမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ပေါင်းစည်းလုပ်ကိုင်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်နည်းပညာများ၊ အခြားသော ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ မြို့နယ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည် ကျေးရွာသစ်၌ တောင်သူ(၅) ဦး၏လယ် ၁၀ ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး GW – 11 မျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မြို့နယ်အတွင်း မိုးစပါး၊ နွေစပါး၊ ဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီး ချုပ်က မိသားစုဝမ်းစာဖူလုံရေးထက် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်အောင် ကြိုးစားလုပ်ဆောင် ကြရန်လိုကြောင်းပြောကြားကာ နွေစပါးစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)