အမ်း မတ် ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် (၁၂) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းနှင့်စာရေးဆရာ ညွန့်ဝေမိုး ရေးသားသည့် အနာဂတ်ရိက္ခာ စာဖတ်ပါ ဆောင်းပါးမှ စာကိုအချိန်ယူ ဖတ်မှတ်လေ့လာခြင်းဟာ ကိုယ့်ရဲ့ဦးနှောက်ဖွံဖြိုးတိုးတက်ဖို့အတွက် အကျိုးပြုတဲ့အပြင် စာဖတ်ခြင်းမှ ကလေးတို့အတွက် အနာဂတ်မှအကျိုးပြုမယ့် အရည်အသွေးကောင်းတွေကို ရရှိလာသည့်အပြင် အသိပညာဗဟုသုတပြည့်စုံခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း၊ ဘဝအဆင့်မြှင့်တင်နိုင်ခြင်းစသည့် အရည်အသွေးတွေရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြတ်နိုးသူ Book Club အသင်းဝင် မဆောင်းလဲ့လဲ့ဦးက အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကိုယ့်အသက်အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ အသိပညာ၊ ဗဟုသုတ မရှိလျှင် လူအများရဲ့ကဲ့ရဲ့ခြင်း၊ ပျက်ရယ်ခြင်းပြုခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မနွယ်နွယ်စိုးက စာများများဖတ်ကြလို့သာ သူတို့ရဲ့ ကိုယ်ပိုင်လက်ယာတွေကို ဖန်တီးနိုင်ကြကြောင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရရှိလာတာဖြစ်ကြောင်း၊ မခင်ခင်စိုးက ပုရွက်ဆိပ်က ဝိရိယရှိရှိနဲ့ အစာရေစာ ကြိုတင်စုဆောင်းထားလို့ စားနပ်ရိက္ခာရှားပါးတ ကာလမှာ ဒုက္ခမကြုံရသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အသင်းဝင်များက အနာဂတ်ရိက္ခာ စာဖတ်ပါ ဆောင်းပါးမှ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)