မောင်တော ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိနေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကညင်တန်း ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မိမိတို့နေအိမ်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေး ကောင်းမွန်သော အမျိုးအစားများ သုံးစွဲကြပါရန်နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်