ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

စစ်တွေ   ဖေဖော်ဝါရီ   ၁၉

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ရခိုင်ပြည်နယ်အတွက် ငွေကျပ် ၁၀ ဘီလီယံခွင့်ပြုချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ငွေကျပ် ၁၀ ဘီလီယံကို ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍမှာ ထည့်သွင်း လည်ပတ်နိုင်မည်ဆိုလျင် ပြည်နယ်၏ ငွေစီးဆင်းမှုပမာဏ ၁၀ ဘီလီယံများပြားလာမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ပေးကြရန်မှာကြားလိုကြောင်း၊ မတည်ထေက်ပံ့ငွေများထုတ်ချေးရာတွင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများလက်ဝယ်အရောက် အမြန်ထုတ်ချေးပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူ သုံးစွဲရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ယူသုံးစွဲရေး လုပ်ငန်းနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း