လိပ်သို ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို နံနက်နံနက်(၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မသန်စွမ်းသူများကို လူအများက လစ်လျူရှု၍ မနေသင့်ပဲ မိမိတို့ စွမ်းသမျှကူညီရန်လိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် တိုင်းပြည်အတွက် အကျိုးရှိသောအခန်းကဏ္ဍမှ ခိုင်မာစွာရပ်တည်နိုင်ပေလိမ့်မည်ဖြစ်ကြောင်း Talk Show ဆွေးနွေးပွဲ အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင်းပရသည့်ရည်ရွယ်ချက်မှာ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွင်းရှိ မသန်စွမ်းသူ များ၏ ဘ၀အရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည် သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်တို့ဖြစ်ကြောင်း၊ မသန်စွမ်းသူများသည် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘ၀ ရပ်တည်နိုင်ရေးအတွက် အသက်မွေး ဝမ်းကြောင်းပညာရပ်ရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့ သည် အရေးကြီးပါကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများ အသိပညာဗဟု သုတတိုးပွားစေရန်အတွက် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့်ထုတ်လွှင့်တင်ပြပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)