တောင်ကုတ် ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်က မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရခြင်း စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးသည် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများပြည်သူအသိပညာရရှိစေမည့် အစီအစဉ်များကိုရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)