အမ်း ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတို့ကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းက အနာဂတ်နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့်မျိုးဆက်သစ်လူငယ် ကျောင်းသား/သူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊ အချင်းချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်၊ စာပေကိုချစ်မြတ်နိုးလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာမေးပွဲနောက်ဆုံးနေ့၌ ခုလိုလူငယ်အသိပညာပေး ဟောပြောပွဲများနံရံကပ်စာ စောင်ဓာတ်ပုံပြပွဲများပြသရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နွေရာသီကျောင်းပိတ်ရက်များအတွင်း အပြစ်ကင်းကင်းနှင့်ပျော်ရွင်ကြစေလိုကြောင်း အပျော်လွန်ရင်းပြင်မရတဲ့အမှားကြောင့် ဘဝလမ်းကြောင်းပါပြောင်းလဲသွားနိုင်ပါကြောင်း ဒါကြောင့်အားလပ်ရက်အချိန်ကို အကျိုးရှိရှိအသုံးချဖို့လိုအပ်ပါကြောင်းပြောကြားကာ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ ၊လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များမျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး စသောအကြောင်းအရာများအား ရှင်းလင်းပြောကြားကာ အနာဂတ်နိုင်ငံတော်ကြီးအားလက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက်သယ်ပိုးထမ်းရွက်ကြမဲ့မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံအောင် အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြပါလို့မှာကြားကာ၊ နံရံကပ်စာစောင်ပါ အကြောင်း အရာများကိုရှင်းပြရာ ကျောင်းသား/သူများက ခင်းကျင်းပြသထားသောလူငယ်အသိပညာပေး နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲတို့ကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း