ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားကြရန်၊ ဌာနပိုင်မော်တော်ယာဉ်များအား မတ်လအပြီးတွင် ဖောင်းကြွနံပါတ်ပြားများတပ်ဆင်ထားရန်၊ NGO/ INGO များအနေဖြင့် ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် ခွင့်ပြုချက်ကျလာသည့်အဖွဲ့အစည်းများသည် မိမိတို့မြို့နယ်အတွင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်ပါက ဌာနဆိုင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့် အကြောင်းအရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ်ပေးပို့ အကြောင်းကြားပေးရန်၊ မြို့မရပ်ကွက်အတွင်းရှိ သုဿန်မြေအား ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ကျောက်ကြီးကျေးရွာသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြောင်းရွှေ့ဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ဘဏ္ဍာငွေများရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မြေပြလူဦးရေစာရင်းကောက်ခံရရှိရေးနှင့်ပတ်သက်၍ software သွင်းနိုင်ရေးနှင့် စာရင်းဇယားများမှန်ကန်တိကျစွာဖြင့် စနစ်တကျဆောင်ရွက်သွားကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ အနေဖြင့် ၁၀၀% ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း၊ ကျိန္တလီနံ့သာကျွန်းတွင် တိုက်ပွဲဝင်အသင့်ရှိစေရေးအတွက် အမြှောက်လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းကို ဖေဖော်ဝါရီလ ၁၆၊ ၁၇၊ ၁၉၊ ၂၀ ရက်နေ့များတွင် ဆောင်ရွက်ရန်ရှိခြင်းကြောင့် ယင်း၏ ၁၀ မိုင်အတွင်း လှေ၊ သင်္ဘော၊ စက်လှေနှင့် ပြည်သူများသွားလာခြင်းမပြုကြပါရန် အသိပေးဆောင်ရွက်သွားကြရန်၊ ဂွမြို့နယ်အနေဖြင့် မဲရုံပေါင်း ၁၃၆ ရုံ သတ်မှတ်ပြီးဖြစ်သည့်အတွက် မဲရုံတွင်ဆောင်ရွက်သွားမည့်အဖွဲ့များ ဖွဲ့စည်းသွားနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက်တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်