မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

မြောက်ဦး ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ညနေပိုင်းအချိန်က ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနောက်ခံသမိုင်းကြောင်း၊ ကလေးသူငယ်များလိုက်နာရမည့် စည်းကမ်းများ ၊ ပြစ်မှုပြစ်ဒဏ်များ ၊ ကလေးသူငယ်အခွင့်အရေးပါအခန်းကဏ္ဍများ၊ ကလေးသူ ငယ်လိုက်နာရမည့်စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးမွေးစားခြင်းလုပ်ထုံးလုပ် နည်းများ၊ ကလေးသူငယ်ကြီးကြပ်သူ၏တာဝန်ဝတ္တရားများ စသော ဥပဒေပါအခန်းကဏ္ဍများကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဥပဒေအရာရှိ ဒေါ်လှနုဖြူမှလည်း ကလေးသူငယ်ဆိုင်ရာရရှိရမည့် အခွင့်အရေးနှင့်ဥပဒေများတွင် ကလေးသူငယ်များ၏အခွင့်အရေးကို လူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ၏ ကျယ်ပြန့်သော အကြောင်းအရာများတွင် ကလေးသူငယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအားရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရားမဝင်ထုတ်ယူဖယ်ရှားခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း (သို့မဟုတ်) သိလျက်နှင့်အစားထိုးပေးခြင်း ကျူးလွန်လျှင် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ၂၀ နှစ်၊ ငွေဒဏ် အနည်းဆုံး ၅၀ သိန်းမှ အများ ၁၀၀ သိန်းတို့ကိုပေးဆောင်ရမည် စသောအကြောင်းအရာများကိုပြောကြားခဲ့ပြီးနောက် ခရိုင်တရားသူကြီး ဦးမြင့်ကျော်က ကလေးသူငယ်များတရားစီရင်ရေးနှင့်ပတ်သတ်သော အကြောင်းအရာများကိုပြောကြားရာ တွင်ပြစ်မှုကျူးလွန်သည့်အချိန်တွင် အသက်(၁၈)နှစ်ပြည့်သွားသော ကလေးသူငယ်မှုခင်းများ ကိုစစ်ဆေးရာတွင် အသက်၁၈ နှစ်ပြည့်ပြီး အသက် ၂၀ နှစ်မပြည့်သေးလျှင် ကလေးသူ ငယ်ဖြစ်သကဲ့သို့ ဆက်လက်၍ ကြားနာစစ်ဆေးပြီး ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရကြောင်း၊ အသက် ၂၀ နှစ် ပြည့်ပြီးလျှင် အရွယ်ရောက်သူကို တရားစီရင်သည့် နည်းလမ်းအတိုင်းကြားနာ စစ်ဆေးပြီး ဥပဒေနှင့်အညီစစ်ဆေးစီရင်ဆုံးဖြတ်ရကြောင်း ထောင်ဒဏ်ချမှတ်ရာတွင် ကလေးသူငယ်မှာ အသက် ၁၆ နှစ်မပြည့်သေးပါက ချမှတ်သောထောင်ဒဏ်သည် ခုနှစ်နှစ် ထက်ပို၍လည်းကောင်း ၊ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် တစ်ဆယ်နှစ်ထက်ပို၍မချမှတ်ရကြောင်း ၊ စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်မှလည်း ကလေးသူငယ်များဆိုင်ရာအမျိုးသမီးကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆောင်ရွက်ရမည့်အစီအမံတို့ကို ပြောကြားခဲ့ကြောင်းသိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်