မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၊ အ-လ-က(ခွဲ)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဋ္ဌေးဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသိန်းနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ Grade-9 မှ ကျောင်းသား မောင်ကိုကိုနိုင်က ”လူငယ်နှင့်ဘဝရည်မှန်းချက်”၊  Grade-9 မှ ကျောင်းသူ မသန်းသန်းစိုးက “လူငယ်နှင့်ပညာရေး”၊ Grade-8 မှ ကျောင်းသား မောင်မောင်ကျော်ထွန်းက “လူငယ်နှင့် ဘဝရည်မှန်းချက်”၊ Grade-8 မှ ကျောင်းသူ မဇာဇာသင်းက “လူငယ်နှင့်ပရဟိတစိတ်” အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သိန်းနိုင်