အမ်း ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးနှင့် သန်ချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က အမ်းမြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကိုသောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ်နေသူများအတွက် ရောဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများသောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကိုနှိမ် နင်းရာတွင်လည်း အလွန်ပင်ထိရောက်ပါကြောင်းနှင့် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ်သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ်၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများမရှိပါကြောင်း အစာစားပြီး ၁ နာရီအကြာမှသာစ၍သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါကြောင်း၊ ဆေးသောက်ပြီးလှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေအော့အန်တတ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေးသောက်သုံးရမည့် ဆေးသုံးမျိုးတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ(DEC)၊ အယ်ဘန်ဒါဇော(Albendazole) ဆေးဝါးများဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးအား ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ စတင်တိုက်ကျွေးလျက်ရှိရာ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး မြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ်(၁၀၀)ဦးအား ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း