ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

မောင်တော ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအားအခမဲ့  ကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်  (၃)မိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိဂေဟာတွင် ဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး  မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုကူညီဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင်ပါဝင်သော သမားတော်၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေးပါရဂူများသည် ဒေသခံပြည်သူများအား မျက်စိရောဂါ ၊ သွား နှင့် ခံတွင်းရောဂါ ၊ ကလေးရောဂါ ၊ ခွဲစိတ်ကုသမှုဆိုင် ရာရောဂါ ၊  အထွေထွေရောဂါ နှင့် ပတ်သတ်၍  လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ECG နှင့် အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ကျန်းမာရေးကာကွယ် စောင့်ရှောက်ဆောင်ရွက်ပေးပြီး လူနာစုစုပေါင်း (၄၁၂)ဦးအား အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ (၃)မိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိဂေဟာ ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ကြီးထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ခေါက်ဆွဲခြောက် ၊ ဆန် ၊ ဆီ  စသည့်တို့အား ထောက်ပံ့လှူဒါန်းခဲ့ပြီး ဆေးဝါးကုသရန်ရောက်ရှိလာသော ဒေသခံပြည်သူများကို လည်း အာဟာရ ဖြည့် စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်းသိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)