ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ အောင်မင်္ဂလာ ကျောင်းဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိအား သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ရပ် ရပ်ကွက်၊ မင်းဗာကြီးလမ်းအား တောင်ရပ်လမ်းဆုံမှ ဗန္ဓုလလမ်းတံတားအထိ အလျား ၁၂၀၀ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၈ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြို့တွင်းလမ်းများအဆင့် မြှင့်တင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် ရေပိုက်လိုင်းများ၊ ရေသွယ်ယူနိုင်ရန် ရေတိုင်များ တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ဈေးအတွင်း ဈေးသူ၊ ဈေးသားများ အေးချမ်းစွာ ဈေးရောင်းချနေမှု၊ ဒေသထွက် အသီးအနှံများနှင့် အစားအစာများ ရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ပင်းဈေးရပ်ကွက်၌ ရခိုင်ရိုးရာ လက်မှု ကြေးသွန်းလုပ်ငန်းဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများ လုပ်ကိုင်နေမှုကို သွားရောက်လေ့လာကြည့်ရှုအားပေးကြပြီး လုပ်ငန်းများ တို့ချဲ့လုပ်ကိုင်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးခရိုင်၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေဆုံသည်။ တွေ့ဆုံစဉ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ခရိုင်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ ဆရာဝန်၊ဆရာမများ ခန့်ထားမှုအခြေအနေနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသူများဖြစ်သည့်အတွက် အလွန်မွန်မြတ်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလတွင်လည်း ဆရာ၊ ဆရာမများ၏ ကြိုးစားအားထုတ်မှုများကို ကြားသိရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အလားတူ မြေပြင်ကွင်းဆင်းကာ ကျေးလက်ဒေသနေပြည်သူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက်ကုသနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စက်မှုသင်တန်းကျောင်း၌ စက်မှုဇုန်စခန်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာစခန်းတွင် နေထိုင်ရခြင်းသည် မိမိတို့ရပ်ရွာတွင်နေထိုင်ကြသကဲ့သို့ ပျော်ရွှင်မှုများ ရရှိကြမည်မဟုတ်ပါကြောင်း၊ မိမိတို့သား၊ သမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက် ရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် မိမိတို့ရပ်ရွာများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့မူရင်းဒေသတွင် အခြေချ နေထိုင်နိုင်ရန်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် စခန်းတာဝန်ခံနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများက မူရင်းဒေသတွင် အခြေချနေ ထိုင်နိုင်ရန်အတွက် လိုအပ်ချက်များကို တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီး များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မူရင်းဒေသများတွင် အခြေချနေထိုင် နိုင်ရေးအတွက် တင်ပြချက်များအပေါ် အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများပေးအပ်ကာ စေတီတော်ဂေါပကအဖွဲ့၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)