တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင် တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း စတင်ကျင်းပရာ Grade - 11 မှ ကျောင်းသား မောင်မင်းမြတ်ခိုင်က “လူငယ်နှင့် လူမှုဆက်ဆံ ရေး”၊ Grade - 9 မှ ကျောင်းသူ မမလှစိန်က “လူငယ်နှင့်ပညာရေး”၊ Grade - 8 မှ ကျောင်းသား မောင်အောင်စိုးမိုးက “လူငယ်နှင့် ဘဝရည်မှန်းချက်”၊ Grade - 10 မှ ကျောင်းသူ မနီနီအေးက “လူငယ်နှင့်ပရဟိတစိတ်” အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)