မအီမြို့တွင် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်းများ စတင်ခင်းကျင်း

မအီ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ အမ်း-မအီ လမ်းမဘေး၌ တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် မြတ်စွာရေမြစ်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကြွေပြားခင်းခြင်းလုပ်ငန်းများကို မိုးတွင်းကာလတွင် ယာယီရပ်နားထားခဲ့ရာမှ ပွင့်လင်းရာသီ ယခုကာလတွင် ၎င်းလုပ်ငန်းများအား ပြန်လည်စတင်ခင်းကျင်းနေပြီဖြစ်ကြောင်း သိရသည်။

စေတီတော်မြတ်ကြီးရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်းများကို မအီမြို့ပေါ်မှ စေတနာရှင် ပရဟိတလူငယ်များက သက်ဆိုင်ရာဂေါပကအဖွဲ့အားအသိပေး၍ မအီမြို့ပေါ်နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များက လှူဒါန်းရရှိငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ “လုပ်ငန်းစတင်တာကတော့ ယခင်နှစ် ဒီဇင်ဘာလဆန်းက စတင်ခဲ့ပါတယ်။ မျှော်မှန်းထားတာက မေလအကုန်လောက်ကို အပြီးသတ်ဆောင်ရွက်နိုင်မယ်လို့မှန်းထားသော်လည်း ငွေကြေးမလုံလောက်မှုနှင့် ရာသီဥတုအခြေအနေကြောင့် မိုးတွင်းကာလမှာ ယာယီရပ်နားထားခဲ့ရပါတယ်။ ယခုကာလ ပွင့်လင်းရာသီမှာ ကျွန်တော်တို့ရဲ့ ကြွေပြားခင်းခြင်းလုပ်ငန်းကို ပြန်လည်စတင်နေပါပြီ” ဟု လူငယ်များအဖွဲ့မှ ကိုဖြိုးဝေလင်းက ပြောကြားသည်။

အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တော် ကြွေပြားခင်းခြင်းလုပ်ငန်း၌ ယခင်က တစ်ပေပတ်လည်ကြွေပြားတစ်ချပ်ကို ၃၀၀၀ ကျပ်ဖြင့်အလှူခံ၍ ခင်းကျင်းခဲ့ပါကြောင်း၊ ကြွေပြားအချပ်ရေ ၅၀၀၀ ကျော်ကို ရင်ပြင်တော်၌ ခင်ကျင်းပြီးဖြစ်၍ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို အပြီးသတ်ဆောင်ရွက်နိုင်ဖို့ရန် အလှူရှင်များ ထပ်မံလိုအပ်နေပါသေးကြောင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ယခင်က ကြွေပြားတစ်ချပ် ၁၅၀၀ ကျပ်ကို ၅၀၀၀ ကျပ်နှုန်း ပြောင်းလဲ၍ အလှူခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်များမှာ ကြွေပြားတစ်ခုတည်းမဟုတ်ဘဲ ဘိလပ်မြေ၊ သဲ၊ ကျောက်နှင့် ရင်ပြင်တော်ကုန်းတော်ပေါ်သို့ သယ်ယူစရိတ်များ၊ ပန်းရံလက်ခ စသည့် အထွေထွေစရိတ်များလည်း လိုအပ်လျက်ရှိရာ အလှူရှင်များမှာများမှာ လိုအပ်နေပါသေးကြောင်း၊ ယခုလမှစတင်၍ ကျန်ရှိနေသေးသည့် ၂၅ ရာခိုင်နှုန်းကို အပြီးသတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလှူပါဝင်လိုသူများအနေဖြင့် ဦးဖြိုးဝေလင်း 09-264983745 (Wave pay) နှင့် ဦးအောင်ကိုကိုပိုင် 09-968053870 (K pay) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အဆိုပါ ကိုဖြိုးဝေလင်းက ပြောကြားခဲ့သည်။

မောင်မောင်ဋ္ဌေး