သံတွဲမြို့၌ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေး ညှိနှိုင်းဆွေးနွေး

သံတွဲ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပမည့် တိပိဋကဓရတိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေး စတုတ္ထအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နာယက ဦးအောင်သန်းတင်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ပူဇော်ပွဲအကြို ဓမ္မပူဇာတရားပွဲကျင်းပရေး၊ ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရေး၊ ပူဇော်ပွဲကျင်းပရေးနှင့် အလှူငွေရရှိမှုအခြေအနေများကို ငပလီမြို့ မြို့မိမြို့ဖ ဦးဖိုးရီအောင်နှင့် ပူဇော်ပွဲကျင်းပရေးကော်မတီ များက ပူးပေါင်းဆွေးနွေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋတု(၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ သည်။

အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အား ပင့်ဖိတ်၍ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၇/၁၈ ရက်များတွင် ညတရားပွဲများဖြင့် သံတွဲမြို့၊ နန်းချောင်းကျေးရွာရှိ သံတွဲ -ငပလီလမ်းပေါ်ရှိ  ဦးမြင့်လှိုင် ၏ ပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ခရိုင်ပြန်/ဆက်