ကျောက်တော် ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ကျောက်တော်မြို့နယ်တွင် ဒေသထွက် ဖရဲခင်းများ ယခင်နှစ်များထက် ဈေးကောင်းရရှိသဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ စိုက်ပျိုးရောင်းချသူများနှင့် ဝယ်ယူသူများအကြား အဆင်ပြေ အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့တွင် ဒေသထွက် ဖရဲသီးများအား ၂၀၂၂ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှ စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင် ခူးဆွတ်ကြပြီးနောက် ကျောက်တော်မြို့ အနီးပတ်ဝန်းကျင်ရှိ လက်လမ်းမှီရာမြို့များဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးစသော မြို့များသို့ ပို့ဆောင်တင်သွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုမှတဆင့် ကျောက်တော်မြို့နယ်အတွင်း ဖရဲခင်း စိုက်ပျိုးကြသော တောင်သူများစုပေါင်းပြီး မိမိတို့ ဒေသအတွင်း စိုက်ပျိုးထားသော ဖရဲမျိုးစိတ်များအား ပြည်တွင်းရှိ မြို့များဖြစ်သည့် ပြည်၊ မကွေး၊ ရန်ကုန်နှင့် မန္တလေး စသော မြို့ကြီးများသို့ တင်ပို့ရောင်းချကြသဖြင့် ယခင်နှစ်များထက် ရောင်းဈေးပိုမိုရရှိပြီး စိုက်ပျိုးရောင်းချ သူများအတွက် အဆင်ပြေ တွက်ခြေကိုက်ကြောင်း ဖရဲသီးလာရောက် ရောင်းချသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့သည်။ ယခု ကျောက်တော်မြို့၊ မြို့မဈေးကြီး အတွင်း ရောင်းချနေသော ဖရဲသီးများမှာ အရွယ်အစားနှင့် အမျိုးအစားအလိုက် တစ်လုံးလျှင် ငွေ (၁၅၀၀)ကျပ်မှငွေ(၆၀၀၀) ကျပ်ထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖရဲစိုက်ခင်းများအား ကျောက်တော်မြို့နယ်အတွင်းရှိ ကာဒီကျေးရွာ၊ ဘုရားပေါင်းကျေးရွာ၊ သင်္ဂနက်ကျေးရွာနှင့် သရက်အုပ်ကျေးရွာများတွင် အဓိက စိုက်ပျိုးလျက်ရှိပြီး ဖရဲစိုက်တောင်သူများအနေဖြင့် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း