ကျောက်ဖြူ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတပ်ဆင်ခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်နေရာများ၌ တပ်ဆင်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးခင်မောင်ဖြိုး ဦးဆောင်သည့်ဝန်ထမ်းများက ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ ငလပွေ့လမ်း စသည့် မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့် လမ်းများနှင့် ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းမတန်းတလျောက်တို့၌ အဆိုပါ လမ်းညွှန်များ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများကို တပ်ဆင်ခဲ့သည်။
အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ၂၀၂၂ ခုနှစ်ပါ ပြဋ္ဌာန်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခြင်း၊ အခြေခံပညာကျောင်းများ၌ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ လမ်းညွှန်များ၊ အမှတ်အသားများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)