ကျောက်ဖြူ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် တေးဂီတဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခြင်းကို ယမန်နေ့ညနေ ၇ နာရီက နဒီသောင်ယံ ဂေါက်ကလပ်ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာ ကျော်ကျော်မိုးတီးဝိုင်းမှ တေးသံရှင်များက ခေတ်ပေါ်တေးသီချင်းများ၊ ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးပြီး အထက (ခွဲ) မြို့မကျောင်း၊ အမက-အစိုးရကျောင်း၊ အလက-လေ့ကျင့်ရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေပေးကြသည်။ ထို့နောက်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် The 30th Annual World Children’s Picture Contest (Free Theme Category) ပြိုင်ပွဲနှင့် (Me and My Favourite Food) ပြိုင်ပွဲတို့တွင် အကောင်းဆုံး ဆုရရှိသူများနှင့် ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတို့၌ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျော်ကျော်မိုးတီးဝိုင်းမှ တေးသံရှင်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့ကြရာ ပွဲကြည့် ပရိတ်သတ်များက ပျော်ရွှင်စွာဖြင့် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းနှင့် တေးဂီတဖျော်ဖြေရေးအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း