အမ်းမြို့နယ် မူလတန်းကြိုကျောင်း မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ နှင့် အားကစားပြိုင်ပွဲများကျင်းပ

အမ်း ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ် () စျေးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားရေး အတွက် အဆိုပါကျာင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီ (၁၃) ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များကို စံပြ အဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ လွတ်လပ်ရေးအရှည်တည်တံ့စေရန် လက် ဆင့်ကမ်းတာဝန်ယူရမည့်သူများသည် ယနေ့ ကလေးများဖြစ်ကြောင်း၊ မိဘများ သိရှိနားလည်းပြီး ကလေးများကို နည်းစနစ်မှန်စွာ ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမ်းမူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးငယ်များက သီချင်း၊ ကဗျာများဖြင့် သီဆိုကပြခဲ့ကြသည်။ ထို့နောက် အားကစားပြိုင်ပွဲများ ကျင်းပရာ မူကြိုကလေးငယ်များက ကွမ်းသီးကောက်ပြိုင်ပွဲ၊ ခေါင်းအုံးရွက်၊ ကြိုးသီ၊ ဘူးဆင့်၊ အရုပ်ထောင် ပြိုင်ပွဲနှင့် အပြေးပြိုင် ပွဲစသည့် ကာယစွမ်းရည်ပြိုင်ပွဲတို့ကို ပွဲစဉ်အလိုက် ကလေးငယ်များက တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကြည့် ရှုအားပေးကြပြီး အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း