ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ အကြိုဟောပြောပွဲကျင်းပ

ပုဏ္ဏားကျွန်း  ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာမူလတန်း(လွန်)၊ ရွာဟောင်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မူ/လွန်(ရွာဟောင်း)ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြ ဆရာမ ဒေါ်မမြသန်းက ကျောင်းသား၊ ကျောင်းသူများ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းတန်အောင်က ကျောင်းသား/သူများ အသိပညာဗဟုသု တများတိုးပွားလာစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်ကို သဘောတူ ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/မများနှင့်ကျောင်းသား/သူများတက်ရောက်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၊မှ ထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)