ဂွ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ရဟိုင်ကွင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကအဖွင့်အမှာစကားပြောကြားပြီး ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေကြာစိုက်တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊ သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။
ဂွမြို့နယ်အနေဖြင့် တစ်မြို့နယ်လုံး(ဂွ-ကျိန္တလီ)အပါအဝင် ၁၇၆ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း လက်ရှိ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ၃၁ ဧကတိုး၍ ၂၀၉ဧကစိုက်ပျိုးခဲ့သည့်အနက် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ရဟိုင်ကွင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ ၇၆ဧကဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်