ကေ့ာကရိတ်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကေ့ာကရိတ် ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က  နေ့ထူးနေ့မြတ်အလိုက်ပြုလုပ်ပေးသည့် အသိပညာပေးဆောင်ရွက်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စု စိတ်ဓာတ် သိကောင်းစရာတို့ကို    အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသူကျောင်းသားများကို (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျောင်းသူကျောင်းသားများမှ သတင်းစကား လက်ကမ်းစာစောင်ပါအကြောင်းအရာတို့ကို ဖတ်ပြခဲ့ကြသည်။ ယင်းနောက် ကျောင်းသူ၊ကျောင်းသားများ သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး  နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)